"ကျွဲ နွား မွေးမြူ မှု ဖွံ့ဖြိုးရေး အလေးထားရမည့် အချက်တစ်ခု"
ကျွန်တော်က တောင်သူမိဘနှစ်ပါးက မွေးလာတဲ့သားမို့ ငယ်ကတည်းက နွားနှင့်ရင်းနှီးရုံမက နွားကို ကျေးဇူးရှင်အဖြစ် အလေးထားခဲ့ရပါ၏။ကျွန်တော်တို့ဒေသက မိုးနည်းရေရှားရပ်ဝန်း။ငယ်စဉ်ကနေ ခုချိန်ထိ နွားနှင့်ဖက်လုပ်ရသော တောင်သူတွေ အဓိက အခက်အခဲကြုံရတာ "အစာ"ပါပဲ။အဖေတို့အမေတို့ လက်သုံးစကားက "လူစာထက် နွားစာခက်တယ်"တဲ့။နွားစာကို အလုပ်တစ်ခုအနေနှင့် ရှာဖွေကျွေးရပါ၏။
ဟုက်ပေသပေါ့။ကျွန်တော်တို့ဒေသမှာ ခြောက်လမြေပဲခေါ် ပင်ပြန့်က မစိုက်လို့မဖြစ် ။အချိန်ကြာမှန်းသိသော်လည်း မြေပဲရိုးကို နွားစာအတွက် အသုံးပြုလို၍ စိုက်ကြရပါသည်။မြေပဲရိုး ပြောင်းရိုးခြောက်တွေကို စဉ်း၍ တဲထဲထည့်ကာ တစ်နွေလုံး မိုးဦးကျ ကာလ တစ်ခုလုံးကျွေးရပါ၏။မလောက်ပါ။ထို့ကြောင့် ကုက္ကိုရွက် ညောင်ရွက် ထနောင်းရွက် တမဆေးရွက် နဘဲရွက် ယုတ်ဆွအဆုံး တမာရွက်ကအစ ခူးကာ ရောကျွေးရ၏။နွားစာအတွက် လူတစ်ယောက်တော့အနည်းဆုံး လုပ်အားအချိန်ပေးရ၏။အိမ်က လူအင်အားမရှိလျင် ဝယ်ကျွေးရုံပ။
တောင်သူတွေ နွားတွေဘာလို့ဖြုတ်ကုန်ကြသနည်း။အဆိုပါ အစာကိစ္စ အဓိက ပါ၏။နွားဒုက္ခမခံချင်ကြတော့။အချိန်မပေးချင်ကြတော့။ယခင်က နွားဈေးကလည်း မကောင်း ကိုး။ထို့ကြောင့် စက်တွေ အစားထိုးလာကြ၏။သို့သော် တစ်ခုစဉ်းစားရမည်မှာ စိုက်ပျိုးရေးတစ်ခုတည်းနှင့် ရပ်တည်နိုင်သလော။ပြည့်စုံသလော။ဝလင်သလော။မထင်ပါ။မွေးမြူ ရေးပါ လုပ်ကိုင်မှသာ တောင်သူလယ်သမားတွေ ဝင်ငွေကောင်းမှာပါ။ယခင်ကတော့ နွားကို ခိုင်းဖို့သက်သက်လောက်သာမွေးကြ။နွားဈေးကွက်က သိပ်မပွင့်လင်းသကိုး။ယခု နွားဈေးကွက်ပွင့်ပြီဖြစ်သော်လည်း လောလောဆယ်အခြေအနေအရ တောင်သူတွေ အကျိုးအမြတ် ဟုတ်ဟုတ်ညားညားမရှိသေးတာတော့ ဝန်ခံရမည်ထင်ပါ၏။ငွေသမားက ငွေရင်း ငွေရ သွားသကိုး။(ကျွန်တော့်အမြင် မှားက ခွင့်လွှတ်ပါရန်)
ကျွန်တော်တို့တောင်သူလယ်သမားတွေ ကျွဲနွားမွေးရင်း အကျိုးအမြတ်ရှိလာမည့်တစ်နေ့က မဝေးတော့ပါ။ကျွန်တော်တို့ဌာနက နိုင်ငံတော်ဝင်ငွေတိုးပွားစေရုံမက တောင်သူတွေ အကျိုးအမြတ်ရှိစေရေးအတွက်ပါ လုံးပမ်းနေကြတာမို့ သိပ်မကြာခင် နွားမွေးမြူသူတွေအတွက် တစ်ကယ်မွေး တစ်ကယ်ရအောင် ကူညီနိုင်တော့မှာပါ။ခု ရေတွင်းတူး ခု ရေကြည်သောက်ချင်၍တော့ မရပါ။
ကျွန်တော်တို့တစ်တွေ တောင်သူတွေ နွားမွေးချင်းဖြင့် အကျိုးအမြတ်ရှိလာအောင် လုပ်ဆောင်နေတာနှင့် တစ်ပြိုင်နက် တောင်သူတွေ နွားမွေးချင်လာအောင် စည်းရုံးရမယ်။အဲလို စည်းရုံးတဲ့အခါ အစောကပြောတဲ့ နွားဒုက္ခမခံချင်တဲ့ ပြဿ နာ အစာ အဟာရကို အဓိက ဦးတည်ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်။နွားရှိမှ နွားမွေးမှ ကျန်တဲ့ မျိုးမြှင့်တာတွေ မေထုံမဲ့တွေ လုပ်လို့ရတာပါ။နွားမရှိပဲ ဘာသွားလုပ်မလဲ။အဲဒီတော့ မွေးနေသူ တိုးမွေးချင်အောင် မမွေးသူ မွေးချင်လာအောင် စည်းရုံးတဲ့အခါ မက်လုံးလေးတွေ ပေးရုံမက အဓိကကျတဲ့ အစာကိစ္စဖြေရှင်းနည်းကိုပါ ထည့်သွင်းပေးရပါမယ်။မြက်မျိုးတွေ ဖောဖောသီသီရနိုင်အောင် မျိုးခြံတွေ တည်ပေး ဖြန့်ပေးရမယ်။ဒါ အဓိက အချက်ပါပဲ။မြက်မျိုးကောင်းကြောင်း အဟာရပြည့်ကြောင်း အော်နေရုံနဲ့မရပါဘူး။စီးပွားဖြစ်မွေးခြံတွေက မြက်ခင်းတွေ အားကျအောင် ရိုက်တင်ပြနေရုံနဲ့ မရပါဘူး။တောင်သူ့လက်ထဲ မြက်မျိုးတွေ များများပေးနိုင်ဖို့လိုပါတယ်။တတ်နိုင် ကန္တာရမျိုးစေ့တွေ လေယဉ်ပေါ်က ကျဲချသလိုကို ကျဲချနိုင်လေ ကောင်းလေပါပဲ။
မြက်စိုက်နည်း။ရာသီဥတုနဲ့ကိုက်ညီတဲ့မျိုးရွေးချယ်မှု စတာတွေကိုလည်း ပညာရှင်တွေက သင်တန်းတွေ ထပ်ဆင့်ပေးသလို တောင်သူတွေနားလည်သဘောပေါက် ပူးပေါင်းလာအောင် နည်းမျိုးစုံနဲ့ နားသွင်းရမယ်။အခု ဒေါက်တာTin Maung Soe တို့မိသာစု တမူး စွန်လည်ရွာမှာ လုပ်နေတဲ့ မြက်စိုက်နွားမွေးစီမံကိန်း သိပ်ကောင်းတာပဲ။မြေကို ထွန်ဖို့ခက်ခဲတော့ တောကိုခုတ်ပြီး ပေါင်းသတ်ဆေး ကို လှည်းနဲ့တင်ဖျန်းပြီး မြက်မျိုးတွေစိုက်တာ အခု ဧက ၂၀၀ လောက်ရှိနေပြီ။ဖြစ်လည်းဖြစ်တယ်။ဒီမြက်ခင်းထဲနွားထည့်ထား။အဟာရကလည်း ပြည့်သလားမမေးနဲ့။ဘာ ပဲဖတ်နှမ်းဖတ်မှ မလိုဘူး။နယူးဇီလန်လို မလုပ်နိုင်သေးပေမယ့် ကိုယ့်မှာရှိတဲ့အရင်းအမြစ်ကို ကောင်းကောင်း အသုံးချသွားတယ်။နောက် စိတ်ဝင်စားသူတွေကို ပညာရော မျိုးပါဖြန့်ပေးတယ်။ဒါ့ကြောင့် ဒီလိုခြံမျိုးတွေ များများပေါ်လာဖို့ စည်းရုံးရမယ်။တစ်ချို့ စီးပွားဖြစ်ခြံတွေ ကိုယ့်နွားအတွက် ကိုယ့်ဘာသာ စိုက်ထားတာတွေ့ဘူးပါရဲ့။ရော့အင့်ဆိုတာမျိုး လာယူဆိုတာမျိုး ဒီလိုစိုက်ဆိုတာမျိုး ရှိရင် ပြောပြကြစမ်းပါ။လွှတ်လိုက်ချင်လို့ပါ။တစ်မျိုးမထင်ပါနဲ့။နွား ဝယ်ရောင်းတွေလည်း ကိုယ်တိုင်မစိုက်နိုင် တစ်ခြားနည်းးနဲ့ကူညီခိုင်းရမယ်။
ထားပါတော့။အဓိက ဆိုလိုရင်းက အစာအဟာရကိစ္စကို ဖြေရှင်းပေးနိုင်ရင် နည်းလမ်းတွေ ပေးနိုင်ရင် မွေးသူပိုမွေး မမွေးသူမွေးပြီး ကျွဲနွားမွေးမြူရေး အမှန်တစ်ကယ်ဖွံ့ဖြိုးလာမယ်ဆိုတာ ယုံကြည်ပါကြောင်း။
(စေတနာဖြင့်ပါ။အမှားပါလျင် ခွင့်လွှတ်ပါ။သိကြပြီးသား သိပြီးသားဆိုတာ သိပါတယ်။အဲ သိနေရုံနဲ့တော့)
ဒေါက်တာသိန်းလွင်