ကျွဲနွားလည်ချောင်းကွဲရောဂါ ဆိုသည်မှာ
လူတွေမှာ နာမည်က မောင်ဖြူ အသားကအလွန်မဲပြီး ဒေါ်ပုတုက အရပ်လံဘားကြီး ဖြစ်တတ်သလို တိရစ္ဆာန်တွေရဲ့ ရောဂါနာမည် ပေးထားပုံတွေက လွဲလွဲလေးတွေဖြစ်နေတာ ရှိတယ်။
ကြက်ဝမ်းကျ ဆိုတဲ့ရောဂါက တခြားရောဂါတွေလောက် ၀မ်းမသွားပဲ အသေများတယ်။
ကြက်လည်လိမ်ရောဂါက လည်ပင်းလိမ်ချင်မှလိမ်မယ်။ ချေးစိမ်းပါပြီးသေမယ်။
ကော်ရိုင်ဇာ ဆိုတာ နှာစေးတဲ့ရောဂါပါ။ ကြက်တွေမှာ ရောဂါကူးဝင်ရင် နှာရည်ကျမယ်၊ မျက်ရည်ထွက်မယ်၊ အသက်ရှူလမ်းကြောင်း အစပိုင်းကို ထိခိုက်မှုဖြစ်စေမယ်။ ဒါပေမဲ့ ကြက်တွေ ချွဲသံထွက်ရင် ကော်ရိုင်ဇာလို့ ထင်လိုက်ကြတယ်။ ချွဲသံထွက်စေတဲ့ တခြားရောဂါတွေကို ထည့်မစဉ်းစားမိကြတာများတယ်။
နာရွက်ပြာပြီးသေပေမဲ့ တကယ့် ၀က်နားရွက်ပြာရောဂါ (PRRS) ဟုတ်ချင်မှဟုတ်မယ်။ တခြားရောဂါတွေကြောင့်လဲ နားရွက်တွေ ချေဖျားလက်ဖျား အရေပြားတွေ ခရမ်းပြာရောင်ဖြစ်နိုင်တယ်။
ကျွဲနွားလည်ချောင်းကွဲရောဂါ ဆိုတာကလဲ လည်ချောင်းကွဲပြီးသေစေတဲ့ရောဂါ မဟုတ်ပါ။
ကျွဲနွားလည်ချောင်းကွဲရောဂါ ဟာ Pasteurella multocida ဆိုတဲ့ ဘက်တီးရီးယားပိုးရဲ့ ပိုးအမျိုးအစားတစ်ချို့ကြောင့် ဖြစ်တဲ့ ရောဂါပါ။ အသက်ရှူလမ်းကြောင်း ကတဆင့် ကျွဲနွားတွေထဲကို ၀င်ရောက်နိုင်ပြီး ဒီပိုးကြောင့် ကူးစက်မှုလျင်မြန်တဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။
ကာကွယ်ဆေးထိုးမထားတဲ့ ကျွဲနွားတွေကို ကူးစက်ခဲ့ရင် ရုတ်တရက်သေစေနိုင်တဲ့ အတွက် ဘာရောဂါလက္ခဏာမှ တွေ့လိုက်ချိန်မရပဲ သေစေနိုင်ပါတယ်။
ဒီလောက်မပြင်းထန်တဲ့အဆင့် ရောဂါဖြစ်ခဲ့ရင် ကိုယ်အပူချိန်မြင့်တက်တာ၊ အသက်ရှူကြပ်တာ၊ လည်ပင်းပိုင်း ရောင်လာတာ၊ ၀မ်းမှာ သွေးပါတာ စတဲ့ လက္ခဏာတွေ တွေ့ရပြီးမှ သေတတ်ပါတယ်။ လည်ပင်းရောင်ပြီး အသက်ရှူ ခက်တာ၊ အော်တာတွေကို ကြည့်ပြီး ကျွဲနွားပိုင်ရှင်တွေက လည်ချောင်းများကွဲထွက်နေသလား အထင်နဲ့ ပေးလိုက်တဲ့ ရောဂါနာမည် ဖြစ်ပုံရပါတယ်။
တကယ်တော အင်္ဂလိပ်လို့ Haemorrhagic Septicaemis (အတိုကောက် HS) လို့ခေါ်တဲ့ အမည်ကို ဘာသာပြန်ရင် ရောဂါပိုးတွေ သွေးထဲအနှံ့ ရောက်ရှိသွားပြီး သွေးယိုထွက်စေတဲ့ရောဂါ လို့ အဓိပ္ပါယ်ရပါမယ်။ ဒီပိုးက ကျွဲနွားတွေရဲ့ ကိုယ်တွင်းကိုရောက်ခွင့်ရသွားရင် ကျွဲနွားတွေမှာရှိတဲ့ သဘာဝအလျောက် ရောဂါတွေကို ခုခံတွန်းလှန်ပေးတဲ့ စွမ်းအားတွေ လုံးဝလိုက်မမှီနိုင်တဲ့ လျင်မြန်နှုန်းနဲ့ ပေါက်ပွားနိုင်စွမ်းရှိတယ်။
သွေးထဲမှာ ပိုးတွေအရမ်းများလာတဲ့အခါ သူတို့က ထုတ်တဲ့ Endotoxin ခေါ်တဲ့ အဆိပ်က သွေးကြောတွေကို အားပျော့ စေပြီး သွေးယိုထွက်မှုဖြစ်စေနိုင်တယ်။ သွေးလန့်မှု (Endotoxic shock) ကြောင့် ရုတ်တရက်သေစေနိုင်တယ်။ ပိုင်ရှင်တွေ ရောဂါလက္ခဏာ မမြင်လိုက်ရပဲ ကျွဲနွားသေနေတာကိုပဲ တွေ့ရတဲ့ပုံစံမျိုးပါ။
တချို့ ကျွဲနွားတွေကို ရောဂါပိုးဝင်ရောက်တဲ့အချိန်မှာ စ၀င်တဲ့ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ ရောဂါခုခံမှုမြုပေးတဲ့ ကလပ်စည်းတွေက အတန်အသင့် ထိန်းထားနိုင်စွမ်းရှိတဲ့ အတွက် လည်ပင်းပိုင်းက အကြိတ်တွေ (Lymph nodes) ရောင်တာ၊ အသက်ရှူလမ်းကြောင်း တစ်လျှောက် ရောင်ရမ်းမှုဖြစ်တာတွေကြောင့် အသက်ရှူမှု (လေအ၀င်အထွက်) ခက်ခဲတဲ့ လက္ခဏာ ဖြစ်စေပါတယ်။ ဒါကိုအစွဲပြုပြီး လည်ချောင်းကွဲရောဂါ အမည်ဖြစ်လာတာပါ။ ခန္ဓာကိုယ်က ခုခံ တိုက်ခိုက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပိုးကထုတ်တဲ့ အဆိပ်ကြောင့် ကိုယ်အပူချိန်မြင့်တက်စေပါတယ်။ ရောင်ရမ်းတဲ့ နေရာတွေမှာ ပိုးပေါက်ပွားမှုကို ဟန့်တားထားနိုင်စွမ်းမရှိတဲ့အတွက် စုဆောင်းထွက်ရှိလာတဲ့ အဆိပ် (Endotoxin) ကြောင့် သေစေ ပါတယ်။
တချို့ ကျွဲနွားတွေမှာ ထိုးနှံခဲ့ဖူးတဲ့ ကာကွယ်ဆေး ကြောင့်ရထားတဲ့ ခုခံစွမ်းအား လက်ကျန်နည်းလို့ ရောဂါပိုး ၀င်ခံရပြီး ရောဂါမဖြစ်ပေမဲ့ ရောဂါပိုးက အသက်ရှူလမ်းကြောင်း အစပိုင်း၊ အထူးသဖြင့် အာသီး (Tonsil) နေရာမှာ ခိုအောင်းပြီး ကျန်နေတတ်တယ်။ ရောဂါပိုး သယ်ဆောင်ထားတဲ့တိရစ္ဆာန် အဆင့်ပါ။ ဒီလို ကျွဲနွားတွေဟာ ကာကွယ်ဆေးထိုးမပေး ဖြစ်ခဲ့ရင် ရာသီအကူးအပြောင်းလို၊ ခရီးသွားလာရတဲ့ပင်ပန်းမှု၊ စတဲ့ ဒဏ် (Stress) တစ်ခုကြုံလာရင် လည်ချောင်းဝက ပိုးတွေ ခန္ဓာကိုယ်အတွင်း ၀င်ရောက်ခွင့်ရပြီး လည်ချောင်းကွဲရောဂါ ဖြစ်စေနိုင်တယ်။ သူတို့ကြောင့် ရောဂါစဖြစ်လာတာ (HS outbreak စဖြစ်တယ်) လို့ ယူဆထားကြတယ်။
လည်ချောင်းကွဲရောဂါ ဟာ Pasteurella multocida ဆိုတဲ့ ဘက်တီးရီးယားပိုးတွေရဲ့ မျိုးကွဲ ၂ မျိုး (Serotype B:2 နဲ့ E:2) ကြောင့် ဖြစ်တဲ့ ရောဂါပါ။ B:2 အမျိုးအစားကြောင့်ဖြစ်တဲ့ လည်ချောင်းကွဲရောဂါကို စွတ်စိုတဲ့ အပူပိုင်းဇုံက နေရာေးသ တွေမှာ တွေ့ရပြီး၊ E:2 ကြောင့် ဖြစ်တဲ့ရောဂါကို အာဖရိကတိုက်က နိုင်ငံတချို့မှာပဲ တွေ့ရတယ်။ အာဖရိကနိုင်ငံ တချို့မှာ B:2 နဲ့ E:2 နှစ်မျိုးလုံးကြောင့် ရောဂါဖြစ်တာတွေ့ရတယ်။ ရောဂါပိုး အမျိုးအစား ကွာပေမဲ့ ဖြစ်တဲ့ရောဂါကတော့ တူပါတယ်။
B:2 ပိုးမျိုးတွေရဲ့ ထူးခြားချက်တစ်ခုက Hyaluronidase ဆိုတဲ့ enzyme တစ်မျိုး ထုတ်နိုင်ကြတာပါ။ အဲဒီပစ္စည်းက ဆဲတွေကို တွဲကပ်ပေးထားတဲ့ Hyaluronic acid ဆိုတဲ့ အစေးဓါတ်ကို ချေဖျက်နိုင်တာကြောင်း B:2 က တိရစ္ဆာန်တွေ ထဲမှာ ပြန့်နှံ့မှုအားပိုကောင်းပြီး ရောဂါ ပို ပြင်းစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မြစ်ဝကျွန်းပေါ်ဒေသက စားကျက်တွေမှာ လွှတ်ကျောင်းကြတဲ့ ကျွဲနွားတွေ ရာနဲ့ချီပြီး ဒီရောဂါကြောင့် သေရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ကျွဲကနွားထက် ရောဂါ ပိုဖြစ်လွယ် သေလွယ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျွဲကောင်ရေအများဆုံးရှိခဲ့တဲ့ ဟုမ္မလင်း မြို့နယ်မှာ ၁၉၈၉ မတိုင်ခင်နှစ်တွေမှာ နှစ်စဉ် ကောင်ရေ ရာပေါင်းများစွာ သေခဲ့ဖူးပါတယ်။ ဟုမ္မလင်း မြို့နယ် ဥရုချောင်း ဘေးကရွာတွေမှာ ရောဂါကြောင့်သေတဲ့ ကျွဲတွေ ချောင်းထဲကိုမျောပါပြီး ချင်တွင်းမြစ်တဖက်တချက်က ကျွဲနွား တွေကို ရောဂါကူးသွားစေလေ့ရှိတယ်။
E:2 အမျိုးအစားက သိပ်မပြင်းထန်ဆိုပေမဲ့ ၁၉၇၈-၇၉ ခုနှစ်က Ethiopia နိုင်ငံမှာ ကျွဲနွား နှစ်သောင်းကျော် ဒီရောဂါ ဖြစ်ပွားပြီး သေဆုံးခဲ့ဖူးပါတယ်။
ရောဂါဖြစ်တဲ့ ကျွဲနွား တွေထဲမှာ တစ်ကိုယ်လုံးအနှံ့ ရောဂါပိုးတွေ ပြန့်သွားပြီး ပေါက်ပွားနေကြတဲ့အတွက် ရောဂါဖြစ်တဲ့ တိရစ္ဆာန်ကထွက်တဲ့ မျက်ရည်၊ နှာရည်၊ သွားရည်၊ သွေး၊ ချေး၊ သေး စတာတွေမှာ ရောဂါပိုး အမြောက်အများ ပါရှိပြီး ထိစပ်မိတဲ့ ကျွဲနွား တွေကို ကူးစက်စေပါတယ်။ ၀င်ပေါက်ကတော့ အသက်ရှူလမ်းကြောင်းပါ။ ရောဂါပိုးပါတဲ့ အမှုံအမွှား၊ ရေမှုံ စတာတွေကို ရှူမိလို့ကူးစက်တာပါ။
၁၉၈၄ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံး ရေကြီးတဲ့ဘေး ကြုံခဲ့တဲ့အခါ၊ လည်ချောင်းကွဲရောဂါ လုံးဝမဖြစ်ဖူးတဲ့ ဧရာဝတီမြစ် အနောက်ဖက် မင်းဘူးခရိုင်ထဲက ရေမြုပ်တဲ့ ရွာတွေ မှာ လည်ချောင်းကွဲရောဂါ ထူးထူးခြားခြား ဖြစ်ပွားပြီး အမြောက် အများ သေဆုံးမှုရှိခဲ့ဖူးတယ်။ ရောဂါတစ်ကြိမ်မှ မဖြစ်ဖူးခဲ့တဲ့အတွက် ရောဂါပိုး သယ်ဆောင်ထားတဲ တိရစ္ဆာန် လဲ ရှိမှာ မဟုတ်တဲ့အတွက် ဘာကြောင့် ဒီလိုရောဂါဖြစ်ခဲ့တယ်ဆိုတာ အဖြေရှာမရခဲ့။
၂၀၀၅ ခုနှစ် က သုတေသနပြုချက်တစ်ခုအရ Pasteurella multocida ပိုးတွေဟာ ဆဲလ် တစ်လုံးတည်းနဲ့ အသက်ရှင် နေတဲ့ အမီးဗား (Amoeba) လို့ခေါ်တဲ့ သဘာဝ ရေပြင် တွေမှာ နေထိုင်တဲ့ ပိုးကောင်တွေရဲ့ အတွင်းကို ၀င်ရောက်နိုင်၊ ပွားများလာနိုင်၊ ပြန်လည်ထွက်လာနိုင်တဲ့ အစွမ်းရှိတယ် ဆိုတာ သိခဲ့ရတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးသေတဲ့ ကျွဲနွားတွေ မျောပါ လာချိန်မှာ ထွက်လာတဲ့ Pasteurella multocida ပိုးတွေဟာ ပတ်ဝန်ကျင် ရေထဲမှာရှိတဲ့ အမီးဗား တွေထဲကို ၀င်ရောက်ကြ၊ သူတို့နဲ့အတူ ရေစုန်မျောပြီး မိုင်ပေါင်းများစွာ ခရီးဆန့်ကြရင်း ပွားများကြ၊ ပြီးနောက် ရောက်ရှိသွားတဲ့ နေရာသစ်က ကျွဲနွား တွေကို ကူးစက်စေနိုင်ကြတာ ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ် မင်းဘူးခရိုင်ထဲ က ရေမြုပ်တဲ့ ရွာတွေမှာ လည်ချောင်းကွဲရောဂါ ဖြစ်ခဲ့တာဟာ အမီးဗားတွေကို ခိုစီးပြီး လိုက်ပါလာတဲ့ ဧရာဝတီမြစ်အထက်ပိုင်းက ရောဂါပိုးတွေကြောင့် ဖြစ်မယ်လို့ အဖြေထုတ်နိုင်ပါတယ်။
ဒီရောဂါပိုးကို Penicillin ကကောင်းကောင်းနိုင်ပါတယ်။ Streptomycin, gentamicin, Kanamycin, enrofloxacin, စတဲ့ ပဋိဇီဝဆေးတော်တော်များများ နဲ့ ကုလို့ရပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်တဲ့အရှိန်ပြင်းလို့၊ မြန်လွန်းလို့ ကုသဖို့အချိန် မမှီ ဖြစ်တာများတယ်။
ရောဂါဖြစ်တတ်တဲ့နေရာတွေမှာ ကြိုတင်ကာကွယ်ဆေး ထိုးပေးတာသာ အကောင်းဆုံးနည်းပါ။
နိုင်ငံတကာမှာ လည်ချောင်းကွဲရောဂါ အတွက် ကာကွယ်ဆေးအမျိုးမျိုး ထုတ်ကြသုံးနေကြပါတယ်။ ထုတ်လုပ်တဲ့ ဆေးအမျိုးအစားတွေကတော့ --
(က) ပိုးသေကာကွယ်ဆေး
လည်ချောင်းကွဲရောဂါ လက္ခဏာတွေ တူပေမဲ့ B:2 ကြောင့် ဖြစ်တဲ့ ရောဂါကို B:2 နဲ့ထုတ်တဲ့ ပိုးသေကာကွယ်ဆေး ကပဲ ကာကွယ်နိုင်ပြီး E:2 ကြောင့်ဖြစ်တဲ့ရောဂါကို E:2 နဲ့ထုတ်လုပ်တဲ့ ကာကွယ်ဆေးကသာ ကာကွယ်မှုပေးနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုး ၂ မျိးလုံးတွေရတဲ့ အာဖရိကနိုင်ငံတွေမှာ B:2 + E:2 ၂ မျိုးလုံးထဲ့ပြီး ဖော်စပ်တဲ့ ကာကွယ်ဆေးကို သုံးကြရပါတယ်။ ကျွဲနွား တစ်ကောင်စာအတွက် ဆေးထဲမှာ ပိုးကောင်ရေ သန်းပေါင်း ၂ သောင်း (20 billion cells) အနဲဆုံး ပါဝင်မှ အာနိသင်ကောင်းတဲ့ဆေးဖြစ်ပါမယ်။ ပိုးသေကာကွယ်ဆေးတွေကို ပုံစံ ၃ မျိုး နဲ့ ထုတ်လုပ်ကြတယ်။
(၁) ကျောက်ချဉ်ရောစပ်ပြီးထုတ်တဲ့ဆေး (HS alum-precipitated vaccine)
(၂) အလူမီနီယံဟိုက်ဒရော့ဆိုက်ဂျဲ ရောစပ်တဲ့ဆေး (HS alhydro gel-adsorbed vaccine)
(၃) အဆီနဲ့ရောစပ်ထုတ်လုပ်တဲ့ဆေး (HS oil-adjuvant vaccine)
ကျောက်ချဉ်ရောစပ်ပြီးထုတ်တဲ့ဆေးက ၄ လ က ၆ လ အထိကာကွယ်တယ်လို့ ဆိုတယ်။ (ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်က စမ်းသပ်ခဲ့တာမှာ ၉ လ အထိ အပြည့်အ၀ကာကွယ်တာတွေ့ရတယ်။)
အလူမီနီယံဟိုက်ဒရော့ဆိုက်ဂျဲ ရောစပ်တဲ့ဆေး ကလဲ ၄ လ က ၆ လ အထိကာကွယ်တယ်လို့ ဆိုတယ်။
အဆီနဲ့ရောစပ်ထုတ်လုပ်တဲ့ဆေးကို မူလက ၁ နှစ်က ၂ နှစ် ထိ ကာကွယ်တယ်လို့ဆိုတယ်။ သူ့အားနည်းချက်က ပြစ်လွန်းလို့ ဆေးထိုးရခက်တာပါ။ ပြီးတော့ ဆေးထိုတဲ့နေရာမှ ဖုတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်လို့ သိပ်သဘော မကျကြ။ နောက်ပိုင်းမှာ ထိုးရလွယ်ပြီး ဖုမဖြစ်အောင် ပျစ်နှုန်းလျှော့ပြီး ထုတ်ကြပြီး ၆လ - ၈ လ အထိပဲ ကာကွယ်မှု ရတယ်လို့ ဆိုတယ်။
(ခ) ပိုးအရှင်အသုံးပြုတဲ့ကာကွယ်ဆေး
ပိုးအရှင်ပါတဲ့ နှာပေါက်အတွင်း ဖြန်းပေး နိုင်တဲ့ဆေး (HS live aerosol vaccine) ကို B:2 တွေ E:2 တွေ မဟုတ်တဲ့ B:3,4 ဆိုတဲ့ ပိုးကိုအသုံးပြုပြီး ထုတ်လုပ်ပါတယ်။ ကျွဲနွား တစ်ကောင်စီကို ပိုးအရှင် သန်း ၂၀ - သန်း ၅၀ လောက် နှာခေါင်းပေါက်အတွင်းကို ဖြန်းထဲ့ပေး ယုံနဲ့ လည်ချောင်းကွဲရောဂါမဖြစ်အောင် ၁ နှစ်က ၂ နှစ်အထိ ကာကွယ်မှု ပေးနိုင် ပါတယ်။
ကျွဲနွားလည်ချောင်းကွဲရောဂါ ဆိုသည်ကို နားလည်နိုင်ကြပါစေ။