ဥနှုန်းကျစေတဲ့ ကြက် ရောဂါသစ်
Gallibacterium anatis infection
ခုလို မတ် ဧပြီ မေ ဆိုတဲ့ ရာသီဥတု ပူပြင်းတဲ့ ကာလမျိုးမှာ ကြက်တွေ အပူဒဏ်သင့်ပြီး သေနိုင်သလို၊ ချွဲထတယ်၊ ၀မ်းပျက်တယ်၊ အစာစားနှုန်းကျတယ်၊ အသေအပျောက်ရှိလာတယ်၊ အသားစားကြက်တွေမှာ ကြီးထွားနှုန်းကျသွားတယ်၊ ကြက်မတွေ ဥနှုန်းကျတယ်၊ ဆိုတဲ့ သတင်းတွေ အများကြီး ကြားရတတ်ပါတယ်။
ဒီလိုလက္ခဏာမျိုးတွေကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေထဲမှာ လည်လိမ်လို အပြင်းစား ကူးစက်ရောဂါတွေ ပါဝင်သလို အိုင်ဘီ၊ ကော်ရိုင်ဇာ စတဲ့ ကူးစက်မြန်ရောဂါမျိုးတွေ နဲ့ ကြက်တွေ အပူဒဏ်ကြောင့် အားယုတ်လာမှုကို အခွင့်ကောင်းကို စောင့်နေတဲ့ အီးကိုလိုင်လို ဘက်တီးရီးယားပိုး မျိုးတွေပါဝင်ကြပါတယ်။ ကြက်တွေကို ရောဂါကြိုတင်ကာကွယ်ပေးဖို့ တိုက်ပေးတဲ့ အိုင်ဘီကာကွယ်ဆေးလို၊ ဗိုင်းရပ်စ် ပိုးအရှင်တွေပါတဲ့ ကာကွယ်ဆေးမျိုးကြောင့်လဲ အလားတူ လက္ခဏာ မျိုးတွေ ဖြစ်လာစေတတ်ပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ကြက်တွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေပြီး ဥနှုန်း ကျဆင်းမှု နဲ့ သေဆုံးမှုတွေဖြစ်စေတဲ့ Ornithobacterium rhinotracheale (ORT) နဲ့ Bordetella avium ဆိုတဲ့ ဘက်တီးရီးယား တွေကြောင့် ဖြစ်တဲ့ ရောဂါသစ် ၂ မျိုး မြန်မာပြည် တစ်ဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။
ကြက်လည်လိမ်၊ ORT စတဲ့ လက္ခဏာ ထင်ရှားလွန်းတဲ့ ရောဂါမျိုးတွေကလွဲရင် ဆင်ဆင်တူတဲ့ ရောဂါလက္ခတွေကို ဖြစ်စေတဲ့ ရောဂါတွေများလာတဲ့အတွက်၊ ရောဂါကို တိတိကျကျ မှန်မှန်ကန်ကန် သိနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ရောဂါအဖြေထုတ်ဖို့အတွက် ဓါတ်ခွဲခန်း စစ်ဆေးမှု အကူအညီတွေလိုအပ်လာပါတယ်။
ဆင်တူရိုးမှား ရောဂါတွေ များလှပြီလို့ပြောရမဲ့အချိန်မှာ ရောဂါသစ် တစ်ခု ထပ်တွေ့လာတဲ့အတွက် Poultry Vet တွေနဲ့ မွေးမြူသူတွေ သိရှိနိုင်အောင် ရေးပြဖို့ဖြစ်လာပြန်တယ်။
ရောဂါသစ်ရဲ့ အဓိက လက္ခဏာ တွေက နှာရည်ကျတယ်၊ အစာစားနှုန်းကျတယ်၊ ဥနှုန်းကျတယ်၊ မှိုင်ကုပ်ပြီး သေတယ်။ ဖြစ်စ ၂ ရက် ၃ ရက် အတွင်း ဥနှုန်း ၁၀% လောက် ကျသွားပြီး၊ အချိန်တိုအတွင်း ၅၀% အောက်ကို ကျသွားစေ နိုင်တယ်။ နေ့စဉ် သေနှုန်း ၀.၁% က ၁.၀% အထက်အထိ ဖြစ်နိုင်တယ်။ ကြက်သေကိုခွဲကြည့်ရင် ကြက်မ တွေရဲ့ ဥအိမ် မှာ ပျော့တွဲနေတဲ့ ဥသိမ်တွေရှိနေတာ၊ ဥကျောထဲမှာ မာခဲနေတဲ့ ဥနှစ်တုံးတွေရှိနေတာ တွေကို တွေ့ရတယ်။ လေပြွန် ထဲမှာ အချွဲရည် ရှိနေတာ၊ မျက်လုံးရောင်တာ၊ အူရောင်ပြီး အချွဲရည်တွေပြည့်တင်းနေတာ စတဲ့ လက္ခဏာတွေလဲ တွေ့ရတတ်တယ်။ ရောဂါပိုးကို လည်ချောင်း၊ အဆုတ်၊ နှလုံး၊ အသည်း၊ ဥနှစ်၊ ဥကျော၊ အူသိမ် စတာတွေမှာတွေ့ရတယ်။
ရောဂါဖြစ်စေတဲ့ပိုးက Gallibacterium anatis လို့အမည်ရတဲ့ ဘက်တီးရီးယားပါ။ မျိုးရင်းအမည် Gallibacterium က ကြက်နဲ့အလားတူတဲ့ မြေနေငှက်တွေရဲ့ ဘက်တီးရီးယား လို့ အဓိပ္ပါယ်ရတယ်။ မျိုးစိတ်အမည် anatis က ဘဲမျိုးနွယ်နဲ့ ပတ်သက်တယ်လို့ ဆိုလိုတယ်။ ဘဲငန်းတွေမှာ အထီးအင်္ဂါရောင်ရမ်းပြီး အပြင်ကို တွဲလောင်းကျစေရာမှ အနာဖြစ်စေတဲ့ Goose venereal disease မှာလဲ ဒီပိုးတွေ ပါဝင်ပတ်သက်တယ်လို့ဆိုတယ်။ တရုတ်နိုင်ငံက သုတေသနစာတမ်းတစ်ခုမှာ ဒီပိုးကို Duck Chicken bacilli (ဘဲ ကြက် ဘက်တီးရီးယား) လို့ နာမည်ပေးထားတာက ပိုပြီး ခေါ်ရ၊ မှတ်ရ လွယ်မယ် ထင်ရတယ်။
ကြက်ဝမ်းကျရောဂါကို ဖြစ်စေတဲ့ Pasteurella ပိုးနဲ့ ဆင်တူတဲ့ ဒီဘက်တီးရီးယားကို ကြက် ဘဲ တွေကို ဥပြွန်ရောင်မှု (Salpingitis) နဲ့ ဥနှစ်တွေပြန့်နှံ့ပြီး ၀မ်းခေါင်းမြေးရောင်ရမ်းမှု (Egg peritonitis) ဖြစ်စေတဲ့ ပိုးတစ်ခုအဖြစ် ၁၉၅၀ ခုနှစ် ကတည်းက သိထားခဲ့တယ်။ ပိုးကို Actinobacillus lignieresii နဲ့ နီးစပ်တဲ့လက္ခဏာ ရှိမှုကို အခြေခံပြီး Actinobacillus salpingitidis ဆိုတဲ့ အမည်ပေးခဲ့သလို၊ Blood agar ပေါ်မှာ မွေးမြူတဲ့အခါ သွေးနီဥတွေကို ပေါက်ကွဲစေနိုင်တဲ့အချက်က်ု အခြေခံပြီး Avian Pasteurella haemolytica-like ဆိုတဲ့အမည်ကိုလဲ ယာယီ အသုံးပြုခဲ့ကြတယ်။ ဘဲတွေမှာတွေ့ရတဲ့ ပိုးဖြစ်တာကို အခြေခံပြီး Pasteurella anatis ဆိုတဲ့ အမည်ကိုလဲ ပေးခဲ့ကြတယ်။
Gallibacterium anatis ဆိုတဲ့အမည် သစ်ကို အထက်မှာပြောခဲ့တဲ့ အမည်ကွဲပြားနေတဲ့ ပိုးတွေရဲ့ ဗီဇလက္ခဏာတွေကို ခေတ်မီ molecular biological နည်းပညာ (DNA–DNA hybridization နဲ့ 16S rRNA sequence analysis) တွေကို အသုံးပြုစစ်ဆေးတဲ့အခါ ပိုးတစ်မျိုးထဲ ဖြစ်တာတွေ့ရှိတဲ့အတွက် ၂၀၀၃ ခုနှစ်မှာ အတည်ပြု သတ်မှတ်ပေးခဲ့တာပါ။
ကြက် ဘဲ မျိုးနွယ်တွေရဲ့ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းနဲ့ မျိုးပွားအင်္ဂါ အောက်ဖက်ပိုင်းမှာ ရှိနေတတ်တဲ့ ဒီပိုးကို အခွင့်အရေးရရင် အန္တရယ် ပေးနိုင်တဲ့ ပိုးတစ်ခုလို့ သိထားခဲ့ကြ ပေမဲ့၊ စီးပွားဖြစ်ကြက်မွေးမြူတဲ့ လုပ်ငန်းတွေကို ထိခိုက် စေနိုင်တဲ့ အရေးပါတဲ့ ရောဂါပိုး တစ်ခုလို့ အစကနဦးမှာ မယူဆခဲ့ကြပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကျမှ ဒီဘက်တီးရီးယားတွေကြောင့် broiler တွေ သေနှုန်းမြင့်စေပြီး၊ ဥကြက်မတွေ ဥနှုန်းကျစေ၊ သေစေတဲ့ ဖြစ်ရပ်တွေများလာတဲ့အတွက် ကြက်တွေအတွက် အရေးပါတဲ့ ရောဂါပိုးသစ် အဖြစ် စိတ်ဝင်စား လာခဲ့ကြပြီး ဒီပိုးတွေကို ဗီဇ စစ်ဆေးမှု တွေလုပ်ခဲ့ကြ (Gallibacterium anatis ဆိုတဲ့ အမည်သစ်ပေးခဲ့ကြ) တာပါ။
ကူးစက်ရောဂါဖြစ်စေတဲ့ပိုးတော်တော်များများဟာ တိရစ္ဆာန်မျိုးစိတ်တစ်ခုကတစ်ခုကို ကူးမသွား နိုင်တဲ့ Species barrier ခေါ်တဲ့ ကန့်သတ်ချက်လေး ရှိတတ်ကြတယ်။ ကြက်လည်လိမ်ရောဂါပိုးက ဘဲကိုမကူးပါ။ ဘဲတွေကို အမြောက်အများ ကူးစက်ပြီး သေဆုံးစေနိုင်တဲ့ Duck plague ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါက ကြက်တွေကို မကူးပါ။
ဒီလို တိရစ္ဆာန်မျိုးစိတ်တစ်မျိုး ဒါမှမဟုတ် မျိုးစိတ်တစ်ချို့မှာ ဖြစ်ကြပေမဲ့ နောက်မျိုးစိတ်တစ်ခု (မျိုးစိတ်တွေ) ကို မကူးစက် မကူးတတ်တဲ့ ရောဂါတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရန်မှာ တိရစ္ဆာန်မျိုးစိတ်တစ်မျိုး မှာ အန္တရာယ်မပေးပဲ သယ်ဆောင် ထားတဲ့ ရောဂါပိုးတစ်ခုဟာ အဲဒီ Species barrier ကို ကျော်ဖြတ်သွားပြီး နောက်မျိုးစိတ်တစ်ခု (မျိုးစိတ်တွေ) ကိုကူးစက် တဲ့အခါ ပြင်းထန်တဲ့ ရောဂါပုံစံသစ်တွေ ဖြစ်လာတတ်ပါတယ်။
တရုတ်နိုင်ငံမှာ စဖြစ်ခဲ့တဲ့ Masked palm civet ခေါ်တဲ့ တောရိုင်းတိရစ္ဆာန် ဆီက လူကိုကူးစက်ဖြစ်ပွားခဲ့တဲ့ SARS ရော၈ါ၊ မလေးရှား နိုင်ငံမှာ လင်းနို့တွေကတဆင့် ၀က်တွေကိုကူးစက်သေဆုံးစေပြီး လူတစ်ချို့ ကိုပါ သေဆုံးစေခဲ့တဲ့ Nipah virus ရောဂါ၊ အာဖရိကတိုက်မှာ လင်းနို့တွေမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပိုးက မျောက်မျိုးနွယ်တွေဆီကူးစက်ပြီး ရောဂါဖြစ်ပွားခဲ့ရာက၊ မျောက်ကနေ လူတွေဆီ ထပ်ဆင့် ကူးစက်ပြီး လူသေဆုံးမှုတွေ ဖြစ်စေခဲ့တဲ့ Ebola ရောဂါ၊ စတဲ့ ကူးစက်ရောဂါတွေဟာ ဒီလိုရောဂါမျိုးတွေပါ။
ကြက်ကို မကူးတဲ့ ဘဲရောဂါရှိသလို၊ ဘဲက ကြက်ကို ကူးတဲ့ရောဂါတွေ ရှိပါတယ်။ ဥပမာတစ်ခုက၊ ဘဲတွေမှာ ဘာရောဂါ လက္ခဏာမှမပြပဲ သယ်ဆောင်ထားတတ်တဲ့ Adenovirus တစ်မျိုး ကြက်တွေဆီကူးစက်ခဲ့ပြီး ကြက်တွေကို ဥပျော့တွေ ဥစေ၊ ဥနှုန်းတွေကျစေတဲ့ Egg drop syndrome (EDS) ဆိုတဲ့ရောဂါပါ။
Gallibacterium anatis လို့ ယနေ့ခေါ်ဝေါ်လာကြတဲ့ ဘက်တီးရီးယားကို စီးပွားဖြစ်မွေးမြူတဲ့ ဘဲတွေ၊ ဘဲငန်းတွေ၊ ရစ်တွေ မှာ ရောဂါဖြစ်စေတဲ့ ပိုးအဖြစ် သိခဲ့ပြီး နှစ် အတန်ကြာမှ broiler နဲ့ ဥကြက်မတွေကိုပါ ရောဂါဖြစ်စေ နိုင်ကြောင်း သိလာခဲ့တာပါ။ ဘဲက ကြက်ကို ကူးတယ်လို့ ပြောနိုင်တဲ့ အထောက်အထား မတွေ့ရတဲ့အတွက် ဘဲကော ကြက်တွေအတွက်ပါ အရေးပါလာတဲ့ ရောဂါပိုးသစ် တစ်ခုလို့ပဲ မှတ်ယူကြဖို့ဖြစ်လာပါတယ်။
ဒီရောဂါဖြစ်ပွားကြောင့်ကို ဥရောပက Switzerland, Denmark, Germany, Norway, Austria, England, Sweden, Czech Republic နိုင်ငံတွေ၊ အာရှတိုက်က တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ ဆီရီးယား နိုင်ငံတွေ နဲ့ Australia, USA, Nigeria စတဲ့ နိုင်ငံတွေက တင်ပြထားတဲ့ မှတ်တမ်းတွေရှိတဲ့အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပွားနေတဲ့ ရောဂါ တစ်ခုလို့ ယူဆရမလို ဖြစ်နေပါတယ်။
Gallibacterium anatis ဆိုတဲ့ ဘဲ ကြက် ဘက်တီးရီးယား ရောဂါပိုးကို ကျန်းမာတယ်လို့ ယူဆရတဲ့ ကြက်၊ ဘဲ၊ ငန်း၊ ရစ်၊ ကြက်ဆင်၊ ကြက်တူရွေး၊ ဗျိုင်း နဲ့ ဘဲခြေထောက်ပါတဲ့ ငှက်ရိုင်းတွေ ရဲ့ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းနဲ့ မျိုးပွားအင်္ဂါ အောက်ဖက်ပိုင်းမှာ ရှိနေတတ်တယ်လို့ သုတေသနမှတ်တမ်းတွေမှာ ဖော်ပြထားကြတယ်။
ရောဂါဖြစ်တဲ့ ကြက်တွေမှာ ဒီရောဂါလို့ သေချာပေါက်ပြောနိုင်တဲ့ ထူးခြားတဲ့လက္ခဏာ မတွေ့ရပဲ၊ အခြားရောဂါတွေမှာပါ တွေ့ရတတ်တဲ့ မှိုင်ကုပ်ခြင်း၊ နှာရည်ကျခြင်း၊ မျက်နှာရောင်ခြင်း၊ အစာစားနှုန်းကျခြင်း၊ ဥနှုန်းကျခြင်း၊ ဖင်ဝမှာချေးကပ်ခြင်း၊ အညိုရောင် အစိမ်းရောင် ၀မ်းသွားခြင်း၊ စတဲ့ လက္ခဏာ တွေကိုသာ တွေ့ရတယ်။ ဥနှုန်း ၈% မှ ၄၀% အထိ ကျဆင်းမှု တွေ့ရနိုင်တယ် လို့ဆိုတယ်။ ၈% လောက်အထိ သေဆုံးမှု ဖြစ်စေနိုင်ပြီး၊ တခြားရောဂါတစ်မျိုးမျိုး တွဲဖက်ဖြစ်ပွား ခဲ့ရင် ပိုပြီးများများ သေစေ နိုင်ပါတယ်။
သေဆုံးမှုတွေဖြစ်လာတဲ့အခါ တွေ့ရတဲ့ ရောဂါလက္ခဏာတွေကိုကြည့်ပြီး၊ ဒီရောဂါကို ကြက်လည်လိမ်၊ ကြက်ဝမ်းကျ၊ ကြက်တုပ်ကွေး၊ ကော်ရိုင်ဇာ၊ စတဲ့ ရောဂါတွေနဲ့ အထင်မှားတတ်ကြတယ်။
ရောဂါဖြစ်ပွားသေဆုံးတဲ့ကြက်တွေမှာ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာ၊ နှလုံမြှေးရောင်တာ၊ အသည်းရောင်တာ၊ ၀မ်းခေါင်းမြှေးရောင်တာ၊ ဥသိမ်တွေ ရောင်ပြီး ပျော့တွဲနေတာ၊ ဥပြွန်ရောင်တာ၊ အူရောင်တာ စတဲ့ လက္ခဏာတွေကို တွေ့ရတယ်။ ကြက်သေတွေရဲ့ သွေး၊ သရက်ရွက်၊ အသည်း၊ ၀မ်းခေါင်းမြှေး၊ ဥနှစ်၊ ဥပြွန်၊ အူသိမ် စတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ် အပိုင်းတွေမှာ Gallibacterium anatis ပိုး ပြန့်နှံ့ ရောက်ရှိ နေတာ တွေ့ရတယ်။
Gallibacterium anatis ပိုးဟာ Pasteurellaceae မိသားစုဝင် ပိုးတစ်မျိုးဖြစ်တဲ့အတွက်၊ လေရှိ-လေမဲ့ နှစ်နေရာလုံးမှာ ပေါက်ပွားနိုင်ပြီး၊ သကြားအမျိုးမျိုးကို အောင်စီဂျင်မသုံးပဲ အချဉ်ဖောက်နိုင်စွမ်းရှိတဲ့၊ စပိုးမထုတ်လုပ်၊ Gram ဆိုးဆေးမစွဲတဲ့ ပိုးအမျိုးအစားဖြစ်တယ်။ လှုပ်ရှားနိုင်စွမ်းမရှိပဲ၊ အတိုအရှည် အရွယ်အစား အမျိုးမျိုးရှိ ပြီး တစ်ခုတည်း ဒါမှမဟုတ် ၂ ခုတွဲ ရှိနေတတ်တဲ့ တုတ်ချောင်းသဏ္ဍာန် ပိုးမျိုး အစားဖြစ်တယ်။
Gallibacterium anatis ပိုးဟာ ကြက်ဝမ်းကျနဲ့ ကျွဲနွားလည်ချောင်းကွဲ ရောဂါတွေကိုဖြစ်စေတဲ့ Pasteurella ပိုးတွေ မွေးမြူဖို့အသုံးပြုတဲ့ အာဟာရကျောက်ကျော မျက်နှာပြင်တွေမှာ လွယ်လွယ်ကူကူ မွေးမြူလို့ရပါတယ်။ လုံးဝန်း၊ မို့မောက်တဲ့ ၁ - ၂ မီလီမီတာ အရွယ်၊ ဖြူဖွေးပြီး အနားစွန်းတွေတောက်ပြောင်နေတဲ့ ပိုးအစု (colony) တွေအသွင်နဲ့ ပေါက်ပွားတာတွေ့ရတယ်။ blood agar ပေါ်မှာ မွေးမြူတဲ့အခါ ဒီပိုးရဲ့ biovar haemolytica မျိုးကွဲက ပတ်ဝန်းကျင်က သွေးနီဥ တွေကို အပြည့်အ၀ပေါက်ကွဲစေနိုင်တဲ့ အစွမ်းရှိပြီး၊ biovar anatis ဆိုတဲ့မျိုးကွဲက အဲဒီလိုအစွမ်း မရှိကြ။ သူတို့ နှစ်မျိုးလုံး Catalase, oxidase, phosphatase, nitrate reductase ဆိုတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ကြတယ်။
ပိုးရဲ့ အပြင်ပိုင်းမှာ fimbriae ခေါ်တဲ့ အမွေးတိုလေးတွေ ပါရှိတဲ့အတွက် ကြက်-ဘဲ တွေရဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ အပေါ်ယံအလွှာမှာရှိတဲ့ ဆဲတွေကို တွယ်ကပ်နိုင်စွမ်းရှိကြတယ်။ တချို့မှာ polysaccharide capsule ဆိုတဲ့ အကာလွှာ ပါရှိတဲ့အတွက် ရောဂါဖြစ်စေနိုင်စွမ်းပိုအားကောင်းကြတယ်လို့ဆိုတယ်။
Gallibacterium anatis ပိုးတွေရဲ့ ဆဲမြှေးအပေါ်ယံပိုင်းမှာ ပါရှိတဲ့ outer membrane vesicle ခေါ်တဲ့ အိတ်သေးလေး တွေကို အသုံးချပြီး သူတို့ပိုးတွေအချင်းချင်း တွယ်ကပ် စုဝေးတာ၊ ပဋိဇီဝဆေးတွေကို ဆွဲကပ်တာ၊ ပဋိဇီဝဆေးတွေကို အိတ်လေးတွေထဲ ထဲ့ပြီး စွန့်ထုတ်ပြစ်တာတွေ လုပ်နိုင်ကြတဲ့အတွက် ကြက်-ဘဲ တွေရဲ့ ကိုယ်တွင်းမှာ ပိုမိုရှင်သန်နိုင်စွမ်း ရှိကြတယ်။
Gallibacterium anatis ပိုးကို ကျန်းမာနေတဲ့ ကြက်-ဘဲ တချို့ရဲ့ လေပြွန် နဲ့ မျိုးပွားအင်္ဂါအောက်ဖက်ပိုင်းတွေမှာ တွေ့ရတတ်တဲ့အတွက်၊ ရောဂါဖြစ်ပွားပြီး သေဆုံးတဲ့ ကြက်တွေရဲ့ သွေးနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း တွေထဲက Gallibacterium anatis ပိုးကို မွေးမြူရရှိမှသာ ဒီရောဂါပါလို့ အတည်ပြုနိုင် ပါမယ်။
အထက်မှာပြောပြခဲ့တဲ့ ပိုးရဲ့ ပုံသဏ္ဍာန်၊ ပိုးပေါက်ပွားပုံ၊ ပိုးကထုတ်လုပ်တဲ့ အင်ဇိုင်း စတဲ့လက္ခဏာတွေကို စစ်ဆေးပြီး Gallibacterium anatis ပိုးဖြစ်ကြောင်း သာမန် ဘက်တီးရီးယား ဓါတ်ခွဲခန်းတွေမှာအဖြေထုတ်နိုင်ပါတယ်။ ခေတ်မီ Gallibacterium anatis specific PCR, fluorescent in situ hybridization technique (FISH) စတဲ့ နည်းလမ်းတွေ သုံးနိုင်ရင် ပိုပြီး မြန်ဆန် သေချာတဲ့ ရောဂါဆုံးဖြတ်ချက်တွေ ရနိုင်ပါတယ်။
ရောဂါကို ထိန်းချုပ်ဖို့အတွက်၊ အခြားဘက်တီးရီးယားရောဂါတွေလိုပဲ ပဋိဇီဝကုသဆေး၊ ကြိုတင်ကာကွယ်ဆေး တွေ သုံးကြပါတယ်။ ပဋိဇီဝဆေးတွေကို ခံနိုင်ရည် အလွယ်တကူဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါပိုးကို ကုသရခက်တတ်တယ် လို့ဆိုတယ်။ ပိုးမျိုးကွဲတွေများတဲ့အတွက် တကမ္ဘာလုံးမှာ သုံးနိုင်တဲ့ ကာကွယ်ဆေးမျိုး မထုတ်လုပ်နိုင်ကြသေးပါ။ မျိုးကွဲ ၃ ခု လောက်ကိုအခြေခံတဲ့ ကာကွယ်ဆေးတွေ နဲ့ autogenous vaccine တွေကိုပဲ လတ်တလော သုံးနေကြတာ တွေ့ရတယ်။
၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံသား သုတေသီတွေ သုံးသပ်တင်ပြထားတဲ့ စာတမ်းတစ်ခုမှာ Gallibacterium anatis ပိုးရဲ့ မျိုးကွဲ biovar haemolytica ဟာ နိုင်ငံအများအပြားရဲ့ ဥစား၊ အသားစား ကြက်မွေးမြူရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ ရောဂါပိုးသစ် တစ်ခု ဖြစ်လာနေကြောင်း။ သို့ပေမဲ့ ဒီပိုး နဲ့ သူ့အတွက် သုံးရမဲ့ကာကွယ်ဆေး တွေနဲ့ ပတ်သက်တဲ့ အချက် အလက် လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီရောဂါဖြစ်ပွားတဲ့ကိစ္စတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ ကြက်မွေးမြူရေး ပညာရှင်တွေ နဲ့ ပိုးမွှားဗေဒပညာရှင်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခု ဖြစ်တယ်လို့ ဆိုထား ပါတယ်။
မြန်မာနိုင်ငံမှာကော ဒီရောဂါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ?